ပင်လယ်ထဲမျောပါပြီး အဆက်အသွယ်မရ ပျောက်ဆုံးနေသော လေဘေးသင့် ရေလုပ်သားများ ပြန်အလာ ကို ဖျာပုံမြို့နယ်ရှိ သီရိအဏ္ဏ၀ါခန်း မရှေ့တွင် နေ့စဉ်လာရောက် စောင့်မျှော်နေသည့် မိသားစုဝင်များအများ အပြားရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်ရှိ သီရိအဏ္ဏ၀ါ ခန်းမမှာ ပင်လယ်ထဲမျောပါပြီး ပြန်လည်ကယ်ဆယ် ရရှိခဲ့သည့် ရေလုပ် သားများ သတင်းပို့၊စာရင်းကောက် ယူသည့်နေရာဖြစ်ပြီး ရေလုပ်သားများအား ထောက်ပံ့ကူညီမှုများကို လည်း အဆိုပါခန်းမတွင်ပင်ပြုလုပ် တတ်သဖြင့် ပျောက်ဆုံးနေသော ရေလုပ်သား မိသားစုဝင်များမှာ လာရောက်စောင့်မျှော် နေကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါခန်းမရှေ့တွင် လာရောက် စောင့်မျှော်နေသူတစ်ဦးက ”အဒေါ် က မောင်လေးကို လာစောင့်တာပါ။ ပျောက်တာရက် ၂၀ ကျော်နေပြီ။ သတင်းလည်းမရဘူး။ ကယ်တဲ့အထဲ ပါမပါလည်း မသိဘူး။ ဒီနေ့(ဧပြီ ၄ ရက်) ကယ်ဆယ်ထားတဲ့ ရေလုပ်သားတွေ ပြန်ရောက်မယ်လို့ သတင်းကြားလို့ လာစောင့်တာ။ အရင်ရက်တွေ တုန်းကလည်း ဒီလိုလာလာ စောင့်ပါ တယ်။ မပါခဲ့ဘူး။ မောင်ရဲ့ မိန်းမကတော့ မောင်လေးကျားဖောင်လုပ် တဲ့ရွာမှာနေခဲ့တယ်။ ဖျာပုံသွားလိုက် လာလိုက်လုပ်ဖို့ နှစ်ယောက်စရိတ်မတတ်နိုင်လို့ ထားခဲ့ရတာ။ နောက်ပြီး ခဲအိုတစ်ယောက်လည်း မျောတဲ့အထဲ ပါသွားပါတယ်။ သူ့ကိုလည်း လာစောင့်နေတာ။ ပါလိုပါငြားပေါ့။ အခု ကယ်ဆယ်ထားတဲ့ ရေလုပ်သားတွေ ရောက်လာပြီး လိုက်ကြည့်တော့ ပါလာတာ မတွေ့ရပါဘူးကွယ်” ဟု ဆိုသည်။
သီရိအဏ္ဏ၀ါ ခန်းမရှေ့လမ်းပေါ် တွင် လေဘေးသင့် ရေလုပ်သားများ ပြန်အလာကို လာစောင့်သည့်ရေလုပ် သားမိသားစုဝင်များ၊ လာရောက် ကြည့်ရှုသည့် မြို့ခံများ အများအပြား ရှိနေတတ်ပြီး ရေလုပ်သားများပြန် လည်ရောက်ရှိမည်ဟု ကြေညာထား သည့်နေ့တွင် လာရောက်စောင့်သည့် လူဦးရေမှာ ပိုမိုများပြားကြောင်းသိ ရသည်။
ရေလုပ်သားများကို လာရောက် စောင့်ရင်း အမျိုးသမီးတစ်ဦး မီးဖွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး “ဒီ ခန်းမရှေ့မှာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတစ်ဦးဗိုက်နာပြီး ဆေးရုံရောက်တဲ့အခါမှာ မီးဖွားသွားတဲ့ဖြစ်ရပ် လေးတစ်ခုတောင် ဖြစ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ရန်ကုန်လှိုင်သာယာ မှာနေပြီး နှစ်နှစ်ခွဲသမီးလေး တစ်ယောက်တောင် ပါပါသေးတယ်။ သူ့ ယောက်ျားက ပင်လယ်ထဲ မျောသွားတဲ့အထဲပါလို့ ဒီရောက်လာမလား ဆိုပြီး လာစောင့်ရင်းနဲ့ ကလေးမီးဖွား သွားတာဖြစ်ပါတယ်။ ဒီကသက်ဆိုင်ရာတွေကတော့ မီးဖွားဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးလိုက်တယ်လို့သိရပါတယ်” ဟုဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
လေဘေးသင့်ရေလုပ်သားများ အား လာရောက်စောင့်မျှော်နေသူ များတွင် ရက်သားအရွယ်နို့စို့ကလေးဖြင့် လာစောင့်သူများ၊ သက်ကြီး ရွယ်အိုများ၊ အနီးတစ်ဝိုက်ရှိကျေးရွာ များမှ မိသားစုဝင်များ ပါဝင်နေပြီး နေ့ညစောင့်နေကြကြောင်း သိရသည်။
“အရင်ရက်တွေက ဒီလိုလာ စောင့်တဲ့သူတွေ အများကြီးပါ။ နေ့ရောညရောပေါ့။ လူဦးရေသုံးလေးရာလောက်တော့ ရှိမယ်။ သူတို့မှာ စိုးရိမ်စိတ်တွေ၊ ပူပင်သောကတွေနဲ့ဖြစ် နေတော့ ဒီကတာဝန်ရှိတဲ့သူတွေ၊ စေတနာရှင်တွေက စုပေါင်းပြီး နေ့ည ထမင်းကျွေးတာတွေ လုပ်ခဲ့ရပါတယ်” ဟု ရေလုပ်သားများ နေရင်းဒေသပြန် လည်ရောက်ရှိရေးနှင့် စာရင်းကောက် ယူရေး၊ ကူညီထောက်ပံ့ရေးများတွင် ပါဝင်ဆောင် ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါခန်းမရှေ့တွင် ဖျာပုံသို့ ပြန်လည်ရောက်ရှိမည့် ရေလုပ်သား ဦးရေနှင့် ပြန်ရောက်မည့်နေ့ရက်၊
အချိန်များကိုလည်း ကြေညာထားကြောင်း တွေ့ရသည်။
No comments:
Post a Comment