၂၀၁၁ ခုနှစ် ဧပြီလ ဒုတိယ(၁၅)ရက်အတွက် မိုးလေ၀သခန့်မှန်းချက်
ဧပြီလဒုတိယဆယ်ရက်ပတ်ဟာ ရာသီကာလအားဖြင့် မိုးကြိုရာသီကာလရဲ့ အစလ ဖြစ်ပါတယ်။ အကြောင်းကတော့ ဧပြီလ(၁၅)ရက်ကစပြီး မေလ(၁၅)ရက်နေ့အထိကာလဟာ မိုးကြိုကာလ ဖြစ်ပါတယ်။ ဧပြီလကစပြီး မေလအထိ လာနီညာရာသီဥတု ဆက်လက် ရှိနေဦးမယ်လို့ နောက်ဆုံးလေ့လာ ဆန်းစစ်ချက်တွေက ထုတ်ပြန်ထားလေတော့ ဧပြီလ ဒုတိယ (၁၅)ရက်ဟာ ပထမ(၁၅)ရက်ထက် ရာသီဥတု ပိုမိုပြင်းထန်နိုင်မှုအနေနဲ့ တစ်ဆင့်တိုးလိုက်တဲ့ သဘောရှိနေပါတယ်။ ဒီကာလအတွင်း ဧပြီလရဲ့ အခြေခံပူပြင်းမှုရယ်၊ လာနီညာရာသီဥတုရဲ့ စိုထိုင်းမှုရယ် ပေါင်းစပ်မိရင် ဖြစ်လာနိုင်တာကတော့ ရာသီဥတုပြင်းထန်မှုကို ဖြစ်စေတဲ့ မိုးတိမ်တောင်တွေ ပိုအဖြစ်များလာဖို့ ရှိနေပါတယ်။ ဒီလိုဆိုရင်တော့ လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း တိုက်တာတွေ ပိုသတိထားရပါလိမ့်မယ်။ ဒီဖြစ်ရပ်တွေကို အထူးသဖြင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ရန်ကုန်တိုင်းတွေမျာ ပိုသတိထားရပါ့မယ်။ အဲဒါတွေအပြင် ဧပြီလဒုတိယဆယ်ရက်ပတ်အတွင်း အရေးကြီးဆုံးသတိထားရမယ့်အရာကတော့ လေဖိအားနည်း ရပ်ဝန်းတွေက တဆင့် ဖြစ်လာနိုင်တဲ့ မုန်တိုင်းတွေဖြစ်ပါတယ်။
ဧပြီလ ဒုတိယ(၁၅)ရက်အတွင်းမှာ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အနေနဲ့ ကတော့ တနင်္သာရီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်မှာ (၁၀)ရက်မှ (၁၂)ရက်ခန့်၊ ကချင်ပြည်နယ်မှာ (၇)ရက်မှ (၉)ရက်ခန့်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးတွေမှာ (၅)ရက်မှ (၆)ရက်ခန့်၊ ကျန်ဒေသများမှာ (၃)ရက်မှ(၄)ရက်ခန့် မိုးရွာသွန်းနိုင်ပါတယ်။ မွန်းလွဲညနေပိုင်းအချိန်တွေမှာ ထစ်ချုန်းတဲ့အခြေအနေတွေဖြစ်လာနိုင်ပြီး နေရာကွက် မိုးကြီးနိုင်ပါတယ်။ နေ့အပူချိန်များ အနေနဲ့ကတော့ ၂၀၁၁ ခုနှစ်ရဲ့ လာနီညာဟာ လုံးဝ မကုန်ဆုံးနိုင်သေးတဲ့အတွက် အပူချိန်တွေဟာ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ် နဲ့ မြေလတ်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာ ဖြစ်မြဲ သို့မဟုတ် ဖြစ်မြဲအောက် အနည်းငယ် လျော့နည်းနိုင်ပြီး၊ အပူဒဏ်သက်သာရာရနိုင်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများဖြစ်တဲ့ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာတော့ ဖြစ်မြဲအောက် သိသိသာသာ လျော့နည်းနိုင်ပါတယ်။ ကျန်ဒေသတွေကတော့ ဖြစ်မြဲခန့်သာရှိနိုင်ပါတယ်။
နေ့အပူချိန်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို (၄)ပိုင်းခွဲခြားပြောနိုင်ပါတယ်။ ပထမအပိုင်း ကတော့ ခါကာဘိုရာဇီတောင်ကုန်းဒေသ 20°C ± 2° C ခန့်၊ ကချင်ပြည်နယ် အရှေ့မြောက် ပိုင်း 26°C ± 2° C ခန့်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် 34°C ± 2° C ခန့် နဲ့ ကျန်ဒေသများ မှာ 36°C ± 2° C ခန့်ရှိနိုင်ပါတယ်။
ဧပြီလ ဒုတိယ(၁၅)ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ရာက ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာ နိုင်ပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်ပြင်မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်စွာ ဖြစ်ထွန်းနိုင်ပါတယ်။
No comments:
Post a Comment