Pages

Monday, April 4, 2011

မြန်မာနိုင်ငံ၏ နိုင်ငံတကာ လေကြောင်းကုန်စည် ပို့ဆောင်မှုလုပ်ငန်း ကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့်လွှဲ ပြောင်း လုပ်ကိုင်ခွင့်ပြုလိုက်ပြီ

မြန်မာနိုင်ငံ၏ နိုင်ငံတကာ လေကြောင်းကုန်စည် ပို့ဆောင်မှုလုပ်ငန်း ကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့်လွှဲ ပြောင်း လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း လေကြောင်းကုန်စည် ပို့ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသို့ ကုန်စည်ပို့ဆောင်မှု အနေဖြင့် ငါးနှင့်ပုစွန်ကို အဓိကထားပို့ဆောင် လျက်ရှိကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံတွင် လေကြောင်းကုန်စည် ပို့ဆောင်မှုအတွက် ပို့ကုန်များ ရှိသော်လည်း ကုန်တင်လေယာဉ်များမရှိခြင်း၊ ခေတ်မီကုန်လှောင်ရုံမရှိခြင်း၊ ပို့ကုန်နှင့်သွင်းကုန်ပစ္စည်းများ လေဆိပ်သို့ရောက်ရှိပါက လျင်မြန်စွာ ပြန်မထုတ်နိုင်ခြင်း စသည့် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။
ထိုသို့ လိုအပ်ချက်များကြောင့် ပို့ကုန်တင်ပို့သည့် လုပ်ငန်းရှင်များ ကျပ်သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များ၊ ပို့ကုန်ရှိသော်လည်း ဈေးကွက်မရှိ၍ ကုန်တင်ပို့နိုင်မှု လျော့ကျရသည့်ဖြစ်ရပ်များ ရှိနေကြောင်း နှင့် လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတကာသို့ ပို့ကုန်များတင်ပို့နိုင်မှု တစ်ရက်လျှင် ၃၉ တန်ခန့်ရှိကြောင်း သိရသည်။
ယခုအခါတွင် နိုင်ငံတကာ လေကြောင်းကုန်စည် ပို့ဆောင်မှု လုပ်ငန်းကို ပုဂ္ဂလိကသို့ BOT စနစ် ဖြင့် လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီမှာ မင်္ဂလာဒုံ Cargo Services ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။
“ထူးကုမ္ပဏီ လက်အောက်က ကုမ္ပဏီတစ်ခုလို့ သိရတယ်။ External Cargo ရော၊ Internal Cargo လုပ်ငန်းတွေအပြင် Transhipment လုပ်ငန်းဖြစ်တဲ့ တခြားနိုင်ငံ အချင်းချင်း ကုန်ပို့ကြရာမှာ ကုန်ပို့ဆောင်မှုကို တစ်ဆင့်ကြားခံ လုပ်ကိုင်ပေးတဲ့ နိုင်ငံအဖြစ်လည်း လုပ်ကိုင်သွားဖို့ ရှိပါတယ်”ဟု နိုင်ငံတကာ လေကြောင်း ကုန်စည်ပို့ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မင်္ဂလာဒုံ Cargo Services ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံမှ ပညာရှင်များကို ခေါ်ယူ၍့ ခေတ်မီ အအေးခန်း ကုန်လှောင်ရုံ (Air Cargo Ware House) ကို ဆောက်လုပ်လျက်ရှိပြီး အဆိုပါ ကုန်လှောင်ရုံတွင် ကုန်စည်များ လုံခြုံစိတ်ချပြီး မပျက်စီး မပုပ်သိုးစေရန်အတွက် ကုန်ပစ္စည်း အလိုက် အအေးခန်းများ ထားရှိခြင်း၊ X-ray စက်ထားရှိခြင်း စသည်ဖြင့် ခေတ်မီလေကြောင်း ကုန်စည်သိုလှောင်ရုံ တစ်ခုတွင် ပါရှိရမည့်အချက်များ အတိုင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၀န်ထမ်း ၁၆၀ ခန့်အားလည်း ခန့်အပ်ထားပြီးဖြစ် ကြောင်းလည်း ကြားသိရသည်။
လေကြောင်း ကုန်စည်ပို့ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရန်အတွက် လတ်တလော အနေဖြင့်မူ လေကြောင်း ကုန်စည်ပို့ဆောင်မှုအား တာဝန်ယူ လုပ်ကိုင်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ပြီး လိုအပ်သည့် တည်ဆောက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ပြီးစီးပါက ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တစ်ခုအနေဖြင့် လုပ်ငန်းများ စတင်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတကာတွင် လေကြောင်းလိုင်းများဖြင့် သယ်ဆောင်လျက်ရှိသည့် ကုန်စည်များ
- တန်ဖိုးမြင့် အချောထည် ကုန်ပစ္စည်းများ (High Value Cargo)
- ဟင်းသီးဟင်းရွက်၊ ပန်း၊ သစ်သီး၊ အသားနှင့် ငါး (Perishables)
- တစ်စိတ်တစ်ပိုင်း ထုတ်လုပ်မှုပစ္စည်းများ (Semi-product of Production Chain)
- အထည်ချုပ် အ၀တ်အစားများ (Garments)
- အမြန်ချောပို့ကုန်စည်များ (Express Cargo)
- သက်ရှိသတ္တ၀ါများ (Live Animals)
- ခရီးသည်နှင့်အတူ မပါနိုင်သော ၀န်စည်စလှယ်များ (Unaccompanied Baggage)
မှတ်ချက် ။  ။ မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းများမှ ကုန်စည်ပို့ဆောင်နေမှုမှာ ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် ၂ဆ၊ ထိုင်းနိုင်ငံနှင့် ၁၀၀ဆ၊ စင်ကာပူနိုင်ငံနှင့် ၁၅၀ဆ ခန့် လျော့နည်းလျက်ရှိ။

No comments:

Post a Comment